သမိုင်း ပထဝီ နှင့် စားသောက်နေထိုင်ပုံ

ရာသီဥတု

ေနော်ဝေတွင် ရာသီဥတု ၄ မျိုးရှိသည် … … နွေဦး၊ နွေ၊ ဆောင်းဦး နှင့် ဆောင်းရာသီတို့ဖြစ်သည်။

နော်ဝေနိုင်ငံတွင် ဒေသတခုနှင့်တခု ရာသီဥတုမတူကြပေ။ နယ်မြေဒေသတခုတည်းအတွင်းတွင်ပင် များစွာကွာခြားနိုင်ပြီး တနှစ်နှင့်တနှစ်လည်း များစွာ ကွာခြားနိုင်ပေသည်။ ယေဘုယျအားဖြင့် ကမ်းရိုးတန်းဒေသများသည် ဆောင်းများတွင် အအေးသက်သာပြီး နှင်းအကျနည်းတတ်ကာ ကုန်းတွင်းပိုင်ဒေသများတွင်မူ ဆောင်းများတွင် အအေးများပြီး နှင်းထူထပ်သည်။ တန်ပြန်သက်ရောက်မှုအဖြစ် ကုန်းတွင်းပိုင်းတွင် ခြောက်သွေ့ပြီး နွေးထွေးသော နွေရာသီများရှိတတ်သည်။ နိုင်ငံအနောက်ပိုင်းတွင် နိုင်ငံအရှေ့ပိုင်းထက် မိုးများလေ့ရှိသည်။ ကမ်းရိုးတန်းဒေသများတွင် အထူးသဖြင့် ဆောင်းဦးရာသီတွင် လေပြင်းတိုက်လေ့ရှိသည်။

နိုင်ငံပြောက်ပိုင်းနှင့် တောင်ပိုင်းအကြားတွင် နေ့တာလည်း များစွာကွာခြားသည်။ နိုင်ငံ၏မြောက်ပိုင်းကျရောက်လေလေ ဆောင်းရာသီတွင် နေ့တာတိုလေလေဖြစ်သည်။ ဥရောပတိုက် ပင်မကုန်းမြေ၏ မြောက်ဘက်အကျဆုံးမြို့ဖြစ်သော ဟမ်းမားဖက်စ်ထ် (Hammerfest) မြို့တွင် ဆောင်းရာသီ၏ လုံးဝအမှောင်ဖုံးသောကာလ(mørketid)သည် နှစ်လနီးပါးကြာသည်။ ထိုကာလမျိုးတွင် နေ့အလင်းရောင်ကို လုံးဝဥဿုံမမြင်ရပေ။ သို့သော် နွေရာသီတွင်မူ ပြောင်းပြန်ဖြစ်သည်။ ထိုကာလမျိုး၌ ညသန်းခေါင်တွင်ပင် နေထွက်နေမည်ဖြစ်ပြီး ယင်းကို သန်းခေါင်ယံနေ(midnattssol) ဟုခေါ်တွင်သည်။

Midnattssol

နိုင်ငံတောင်ပိုင်းတွင်လည်း ဆောင်းနှင့်နွေ နေ့တာကွာခြားမှု ကြီးမားသည်။ သို့သော် တောင်ပိုင်းတွင် အမှောင်ဖုံးကာလရော သန်းခေါင်ယံနေပါ မတွေ့ရနိုင်ပေ။ ရာနာဒေသ၏မူးရ် နယ်မြေ (Mo i Rana) ၏မြောက်ဘက်ကျကျတွင်ဖြတ်သန်းသွားသည့် အာ့တိတ်စက်ဝိုင်း (polarsirkelen) သည် အမှောင်ဖုံးကာလနှင့် သန်းခေါင်ယံနေ မြင်ရသည့်ဒေသတို့ကိုပိုင်းခြားသည့် နယ်ခြားမျဉ်းဖြစ်သည်။

အချက်အလက်

အပူချိန်များ

နော်ဝေနိုင်ငံတွင် တိုင်းတာရရှိခဲ့သော အမြင့်ဆုံးအပူချိန်မှာ အပေါင်း+၃၅.၆ ဒီဂရီ ဆယ်လ်ဆီးယပ်စ် ဖြစ်သည် (နဲစ်ဘီယယ်န်မြှို့ ၁၉၇ဝ ဇူလိုင် ၂ဝ ရက်နေ့)

နော်ဝေနိုင်ငံတွင် တိုင်းတာရရှိခဲ့သော အအေးဆုံးအပူချိန်မှာ အနုတ် – ၅၁.၄ ဒီဂရီ ဆယ်လ်ဆီးယပ်စ် ဖြစ်သည် (ကာရာရှော့ခ်မြှို့ ၁၈၈၆ ဇန္နဝါရီ ၁ ရက်နေ့)

နွေးထွေးသော သမုဒ္ဒရာ ရေစီးကြောင်း

နော်ဝေသည် ကမ္ဘာ့မြောက်ပိုင်းတော်တော်ဝေးဝေးတွင် တည်ရှိသော်လည်း အခြားမြောက်ပိုင်းကျသော နယ်မြေဒေသများထက် ရာသီဥတု ပိုမိုနွေးသည်။ အကြောင်းရင်းခံမှာ နွေးထွေးသော သမုဒ္ဒရာ ရေစီးကြောင်းသည် အမေရိကတိုက် အလယ်ပိုင်းရှိ မက္ကဆီကို ပင်လယ်ကွေ့မှ နော်ဝေကမ်းရိုးတန်းအထိ စီးဆင်းလာကာ အနွေးဓာတ်ပေးနေသောကြောင့်ဖြစ်သည်။