တန္းတူအခြင့္အေရး
မိသားစုတခုချင်းအဖို့ မည်သို့ဖွဲ့စည်းပြီး မည်သို့လုပ်ဆောင်ကြမည်ကိုရွေးချယ်ရန်မှာ သူတို့သဘောအတိုင်းသာဖြစ်သည်။ သို့တိုင်အောင် ဥပဒေများနှင့် ရပိုင်ခွင့်များနှင့်ပတ်သက်လာလျှင် တန်းတူအခွင့်အရေးနှင့် တန်းတူတန်ဖိုးထားရေးတို့ကို ထည့်သွင်းစဉ်းစားရပါဦးမည်။ နော်ဝေနိုင်ငံနေသူ မည်သူမဆို ဤဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။ ဥပမာအားဖြင့် – တန်းတူအခွင့်အရေးဆိုင်ရာဥပဒေ၊ ထိမ်းမြားလက်ထပ်မှုဆိုင်ရာဥပဒေ နှင့် အမွေဆက်ခံမှုဆိုင်ရာဥပဒေတို့ အကျုံးဝင်ပါသည်။
နော်ဝေလူ့အဖွဲ့အစည်းကြီးတွင် အရေးအကြီးတကာ့ အကြီးဆုံးတန်ဖိုးများအနက် တခုမှာ လူလူချင်းတန်းတူတန်ဖိုးထားရေးပင်ဖြစ်သည်။ အဓိပ္ပါယ်မှာ ကျား-မ၊ အရွယ်၊ သန်စွမ်းမှု၊ ရိုးရာယဉ်ကျေးမှု၊ မျိုးရိုးဇာတိ (သို့) လိင်မှုဆိုင်ရာသဘောထား စသည်များ မည်သို့ကွဲပြားနေစေကာမူ လူတိုင်းလူတိုင်း တန်းတူတန်ဖိုးရှိသည် ဟုဆိုလိုသည်။ လူ့အသိုင်းအဝိုင်းအနေနှင့် မည်သို့ပင် ထင်မြင်ယူဆထားစေကာမူ အားလုံးကို အခွင့်အလမ်းများ တန်းတူရည်မျှ ဖွင့်ပေးနေမည်သာဖြစ်သည်။ ဤသည်ကို ဥပမာအားဖြင့်ပြရလျှင် မသန်စွမ်းမှုအမျိုးမျိုးရှိကြသည့် ကျောင်းသားများအား ကျောင်းပညာသင်ခွင့်ပေးခြင်း နှင့် နိုင်ငံခြားသားများအတွက် နော်ဝေဘာသာသင်ယူရန် အခွင့်အရေးပေးခြင်း၊ တူညီသောလုပ်ငန်းအတွက် တူညီသောလစာပေးခြင်း … စသည်တို့ဖြစ်သည်။
လွန်ခဲ့သောဆယ်စုနှစ်များအတွင်းက ကျား-မ တန်းတူနေရာပေးရေးနှင့်ပတ်သက်ပြီး အပြောင်းအလဲများစွာရှိခဲ့သည်။ အစိုးရလုပ်ငန်းရော မိသားစုတွင်းနှင့် အိမ်တွင်းရေးတို့တွင်ပါ ယောက်ျားနှင့်မိန်းမ တို့၏ လုပ်ငန်းတာဝန်များနှင့် နေရာပေးမှုနှင့်ပတ်သက်၍ သဘောထားပြောင်းလဲခြင်းများကို ကျွန်ုပ်တို့ တွေ့ကြှုံခဲ့ကြရပြီးဖြစ်သည်။
လူထုထဲတွင် ၁၉၇ဝ လွန်နှစ်များအတွင်းက ပညာရေးနှင့် အလုပ်ခွင်လောကတို့အပါအဝင် ယေဘုယျအားဖြင့် အမျိုးသမီးများအတွက် အခွင့်အလမ်းများနှင့် အမျိုးသမီးများ၏ ရပိုင်ခွင့်များကို လူ့အဖွဲ့အစည်းအတွင်း တစထက်တစ ပိုမိုသတိထားမိလာကြသည်။ အမျိုးသမီးများ၏ အလုပ်လုပ်နိုင်စွမ်း အလွန်အမင်းမြင့်မားလာခဲ့ပြီး ယခုအခါ အလုပ်ထဲတွင် အမျိုးသားများနီးပါး အမျိုးသမီးဦးရေများပြားလျက်ရှိသည်။ မည်သို့ဆိုစေကာမူ အစဉ်အလာမပျက် အမျိုးသမီးထု နှင့် အမျိုးသားထုကို တွေ့နေရပြီး အချိန်ပိုင်းအလုပ်လုပ်သူ အမျိုးသမီးထုက အမျိုးသားထုထက် အဆပေါင်းများစွာ ပိုလွန်နေသည်ကို တွေ့ရသည်။ အဆင့်မြင့်ပညာသင်ယူရာတွင် အမျိုးသမီးဦးရေနှင့် အမျိုးသားဦးရေမှာ တူညီလုနီးပါးဖြစ်သော်လည်း အများစုက ရှေးရိုးစဉ်လာအတိုင်း လမ်းရွေးချယ်လေ့ရှိသည်။
အမျိုးသမီးများက ပြုစုစောင့်ရှာက်ရေးနှင့် ပညာရေးကဏ္ဍများတွင် ပညာဆည်းပူးသည်ကများပြီး အမျိုးသားများက စက်မှုနှင့် သိပ္ပံပညာများ ဆည်းပူးသည်က များနေဆဲဖြစ်သည်။ ယခုအခါ အမျိုးသမီးဦးရေက အလုပ်လုပ်သူဦးရေ၏ ထက်ဝက်နီးပါး ဖြစ်နေသည့်တိုင် လုပ်ငန်းဦးဆောင်မှုအပိုင်းတွင် သုံးယောက်အနက် နှစ်ယောက်မှာ အမျိုးသားများဖြစ်နေဆဲပင်။
ယခုခေတ်တွင် မိသားစုအားလုံးနီးပါး – အထူးသဖြင့် ငယ်ရွယ်သော မိသားစုများ- ထဲတွင် အလုပ်ခွင်နှင့် အိမ်တွင်းရေးတွင်သာမက ပြှုစုစောင့်ရှောက်ရေးတွင်ပါ တာဝန်ခွဲဝေယူလေ့ရှိကြသော်လည်း အိမ်မှုကိစ္စများတွင်မူ အမျိုးသားများထက် အမျိုးသမီးများက အချိန်ပိုပေးနေကြဆဲဖြစ်သည်။