အလုပ်ခွင်လောက

ဆင့်ကဲတိုးတက်ပြောင်းလဲလာပုံ

လွန်ခဲ့သော နှစ်ပေါင်း ၁၅ဝ အခါက နော်ဝေနိုင်ငံတွင် စိုက်ပျိုးရေး၊ သစ်လုပ်ငန်း နှင့် ငါးလုပ်ငန်းတို့သည် အရေးအပါဆုံး စီးပွားရေးများဖြစ်ခဲ့ကြသည်။ ထိုခေတ်မှစတင်ကာ အလွန်တရာ ပြောင်းလဲလာခဲ့သည်။ ၁၉ ရာစုကုန်ခါနီးတွင် စက်ရုံများ အများအပြားဆောက်လုပ်လာခဲ့ပြီး လူအများအပြား မြှို့များသို့ ပြောင်းရွှေ့ကာ စက်ရုံများတွင် စတင်အလုပ်လုပ်ခဲ့ကြသည်။ ၂ဝ ရာစု ပထမ ရာစုတဝက်အတွင်း စက်ရုံအလုပ်သမား နေရာသစ် အမြောက်အမြား ပေါ်လာခဲ့သည်။ တချိန်တည်းတွင် နော်ဝေလူမျိုးအများအပြား အမေရိကနိုင်ငံသို့ သွားရောက်ပြီး အခြေစိုက်နေထိုင်ခဲ့ကြသည်။

၁၉၅ဝ ခုနှစ်က နိုင်ငံသားဦးရေ ၏ ၂ဝ % သည် စိုက်ပျိုးရေးကိုလုပ်ကိုင်ခဲ့ကြသော်လည်း ထိုအချိုးအဆမှာ ယခုခေတ်တွင် ၃ % မျှအထိ လျော့နည်းလာခဲ့သည်။ သို့တိုင်အောင် နော်ဝေတွင် ယခင်ကထက် စားသောက်ကုန် ပိုမိုထုတ်လုပ်လာနိုင်သည်။ အဓိက အကြောင်းရင်းမှာ စိုက်ပျိုးရေးတွင် ပိုမိုလွယ်ကူထိရောက်စေသော စက်များရှိလာခြင်းကြောင့်ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၃ဝ အတွင်းက နော်ဝေတွင် အလုပ်ခွင်ဈေးကွက်အပြောင်းအလဲ များစွာဖြစ်ပေါ်ခဲ့ပြန်သည်။ ယင်းတို့အနက် စက်ရုံများတွင် အလုပ်လုပ်သူဦးရေ အလွန်အမင်း လျော့နည်းသွားခြင်းလည်း ပါဝင်သည်။

၁၉၆ဝ ပြည့်လွန်နှစ်များအကုန်တွင် မြောက်သမုဒ္ဒရာ (Nordsjøen) ထဲ၌ ရေနံစတင်တွေ့ပြီးသည့်နောက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုန်လုပ်မှုသည် နော်ဝေစက်မှုလုပ်ငန်း၏ အရေးကြီးသောကဏ္ဍတခု ဖြစ်လာခဲ့သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့သည် နော်ဝေစီးပွားရေးအတွက် များစွာအရေးပါခဲ့သည်။ ရာသီဥတုဖောက်ပြန်မှုများကိုအကြောင်းပြု၍ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဦးတည်ဆောင်ရွက်ကြရန်ရှိသော်လည်း ထိုသည်က အရေးပါမြဲပါနေဦးမည်ဖြစ်သည်။

ယခုအခါ အများစုက ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေကြရာ ထိုကဏ္ဍတွင် လူ ၁.၈ သန်းခန့် အလုပ်လုပ်နေကြောင်း တွေ့ရသည်။ ဆိုလိုသည်မှာ နော်ဝေတွင် အလုပ်လုပ်လိုသူများအနေနှင့် ဈေးဆိုင်များ၊ ကျန်းမာရေးလုပ်ငန်း၊ ကျောင်း နှင့် နေ့ကလေးထိန်းဌာန (သို့) ခရီးသည်ပို့ဆောင်ရေး တို့တွင် အလုပ်ရရန် အခွင့်အလမ်းကောင်းများရှိသည်။ တော်တော်များများအတွက် သတင်းနှင့်ဆက်သွယ်ရေးဆိုင်ရာ နည်းပညာသစ် ရှာဖွေရေးအလုပ်မျိုးတွင် အလုပ်ရှာဖွေနိုင်သည်။