အလုပ်ခွင်လောက

လစာနှင့် ဝင်ငွေခွန်

နော်ဝေတွင် တနှစ်တာလစာအကြောင်း ပြောလေ့ရှိကြသည်။ အချိန်ပြည့်ဝန်ထမ်းများ၏ ပျမ်းမျှ မူရင်းလစာသည် တနှစ်လျှင် ခရိုနာ ၅၀ဝ ဝဝဝ ဖြစ်သည်။ အမျိုးသမီးများက အမျိုးသားများရသောလစာ၏ ပျမ်းမျှ ၈၅ % မျှ ရသည်။ www.ssb.no/befolkning/statistikker/fobhusinnt

လစာကို တလတကြိမ် ပုံသေ ရက်စွဲတခုတွင် ထုတ်ပေးလေ့ရှိသည်။ အသားတင် လစာကို အလုပ်သမား၏ ဘဏ်ငွေစားရင်းသို့ တိုက်ရိုက်ထည့်ပေးလေ့ရှိသည်။ အလုပ်သမားသည် သူမည်မျှရပြီး အခွန်မည်မျှဆောင်ထားကြောင်း ပြထားသည့် လစာငွေရှင်းတမ်းတစောင်ကို ရလေ့ရှိသည်။

လစာကိုထုတ်မပေးမီ အလုပ်သမား၏ မူရင်းလစာမှ ဝင်ငွေခွန်ကိုထုတ်နုတ်ထားရန်မှာ အလုပ်ရှင်၏ ဝတ္တရားဖြစ်သည်။ လုပ်ငန်းရှင်က ထိုဝင်ငွေခွန်များကို အစိုးရထံသို့လွှဲပြောင်းပေးလိမ့်မည်။

နော်ဝေလူနေမှုပုံစံသည် နိုင်ငံတွင်းမှီတင်းနေထိုင်သူတို့ အမျိုးမျိုးသော အခွန်နှင့် ဝန်ဆောင်ခများ ပေးသွင်းမှုအပေါ် လုံးဝမှီခိုနေသည်။ အခွန်နှင့် ဝန်ဆောင်ခများက လူမှုဝန်ထမ်းလုပ်ငန်းများအတွက် ငွေကြေးပံ့ပိုးပေးသည်။ နော်ဝေတွင် အလုပ်သမားအားလုံးသည် မိမိတို့နေထိုင်ရာမြို့နယ် နှင့် နိုင်ငံတော်သို့ အခွန်ပေးဆောင်ကြသည်။ လုပ်ငန်းရှင်များကလည်း အလားတူ မြို့နယ် နှင့် နိုင်ငံတော်သို့ အခွန်ပေးဆောင်ကြသည်။

အလုပ်သမားတဦးချင်း အခွန်မည်မျှဆောင်ရသည် ဆိုသည်မှာ မတူကြပေ။ ယေဘုယျအားဖြင့် ဝင်ငွေများလေ ရာခိုင်နှုန်းများများဖြင့် အခွန်ဆောင်ရလေဖြစ်သည်။ ကိုယ် အတိုးမည်မျှပေးရသည်၊ ကလေးထိန်းစရိတ် မည်မျှကုန်ကျသည်၊ အလုပ်ဆင်းရန် စရိတ်မည်မျှကုန်သည် စသည်တို့က ကိုယ် မည်မျှအခွန်ဆောင်ထိုက်သည်ကို သတ်မှတ်သည်။ ပျမ်းမျှအားဖြင့် အလုပ်သမားတယောက်သည် မူရင်းလစာ၏ ၂၅ % ကို အခွန်အဖြစ် ပေးသွင်းသည်။

အချက်အလက်

အခွန်ထမ်းခွင့်လက်မှတ်

အလုပ်လုပ်သူတိုင်း အခွန်ထမ်းလက်မှတ် ရှိရမည်။ အင်တာနက်စာမျက်နှာ Skatteetaten မှတဆင့် မှာယူနိုင်သည်။

လစာပြန်တမ်း(လစာပေးလက်မှတ်)

လစာရသူတိုင်း လစာငွေရှင်းတမ်းရရှိရမည်။
လစာငွေရှင်းတမ်းသည် ပေးသွင်းထားသော အခွန်အတွက် ပြေစာဖြတ်ပိုင်းပင်ဖြစ်သည်။

မူရင်းလစာ

မူရင်းလစာသည် အခွန်ငွေ၊ ပင်စင်စုငွေ နှင့် အခြားစရိတ်များ နုတ်မယူသေးမီ သင်ရရှိထားသော လစာဖြစ်သည်။

အသားတင်လစာ

အသားတင်လစာသည် အခွန်ငွေ၊ ပင်စင်စုငွေ နှင့် အခြားစရိတ်များ နုတ်ယူပြီးနောက် သင်ရရှိသော လစာငွေဖြစ်သည်။