သမိုင်း ပထဝီ နှင့် စားသောက်နေထိုင်ပုံ

နော်ဝေသမိုင်း အကျဉ်းချုပ်

Vikingskip

ဗိုက်ကင်းခေတ်

ခရစ်(တော်မွေးဖွားပြီးနောက်)နှစ် သက္ကရာဇ် ၈ဝဝ မှ ၁၁ဝဝ အတွင်းကာလကို ဗိုက်ကင်းခေတ်ဟု ကျွန်ုပ်တို့က ခေါ်ဝေါ်သည်။ ဗိုက်ကင်းခေတ်အစပိုင်းတွင် နော်ဝေသည် နိုင်ငံတခုမဟုတ်သေးဘဲ ဘုရင်ကိုယ်စီရှိခဲ့သော နိုင်ငံငယ်များအနေနှင့် တည်ရှိခဲ့သည်။ ခရစ်သက္ကရာဇ် ၈၇၂ ခုနှစ်တွင် ဗိုက်ကင်းတယောက်ဖြစ်သူ ရွှေကေသာ ဟာရား(လ်ဒ်) (Harald Hårfagre) သည် နော်ဝေတနိုင်ငံလုံး၏ဘုရင်ဖြစ်လာခဲ့သည်။ ဗိုက်ကင်းအများအပြားသည် အခြားနိုင်ငံများသို့ ခရီးထွက်ကြသည်။ ဗိုက်ကင်းအချို့သည် ကုန်သည်များဖြစ်ကြပြီး ကုန်များ ရောင်းကြဝယ်ကြပြီး ကျန်သူများမှာ တိုက်ခိုက်ရေးသမားများဖြစ်ကြပြီး လုယက်သတ်ဖြတ်တတ်ကြသည်။ ယနေ့ခေတ်တွင် ကျွန်ုပ်တို့ ဗိုက်ကင်းများအကြောင်း ပြောဆိုကြလျှင် တိုက်ခိုက်ရေးသမားများအဖြစ် ထင်မှတ်ယူဆကြသည်သာ များသည်။ ခရစ်ယန်ဘာသာကို နော်ဝေသို့ သက္ကရာဇ် ၁ဝဝဝ ပြည့်လွန်နှစ်များက ဆောင်ယူတင်သွင်းခဲ့ကြသည်။ ခရစ်ယန်ဘာသာက ရှေးဟောင်း နော်ဝေရိုးရာ (နိုရွန့်) နတ်ကိုးကွယ်မှုကို ပပျောက်စေခဲ့သည်။ Borgund stavkirke

ဒိန်းမတ်နှင့်နော်ဝေနိုင်ငံ ပြည်ထောင်စုစည်းမှု

၁၄ ရာစုနှစ်တလျှောက်လုံး ဒိန်းမတ်နိုင်ငံသည် နော်ဝေအပေါ် ပိုမိုသြဇာညောင်းလာခဲ့ပြီး ၁၃၉၇ ခုနှစ်မှစကာ နော်ဝေနိုင်ငံသည် ဒိန်းမတ် နှင့် ဆွီဒင်နိုင်ငံတို့နှင့် တရားဝင် ပြည်ထောင်စုဖြစ်လာခဲ့သည်။ ပြည်ထောင်စုတွင် ခြှုံငုံ၍ ဘုရင်တပါးတည်းရှိခဲ့သည်။ နောင်တွင် ဆွီဒင်နိုင်ငံက နုတ်ထွက်ခဲ့ပြီး ဒိန်းမတ်နှင့်နော်ဝေ ပြည်ထောင်ပေါင်းစည်းမှုသည် ၁၈၁၄ ခုနှစ်တိုင်အောင် တည်တံ့ခဲ့သည်။ နိုင်ငံရေးကို ဒိန်းမတ်က ခြယ်လှယ်ခဲ့သည်။ ရှိုဘင်ဟားဗ်န် (ယနေ့အခေါ် – ကိုပင်ဟေဂင်) သည် ပြည်ထောင်စု၏ ယဉ်ကျေးမှုအချက်အချာ ဖြစ်ခဲ့ပြီး နော်ဝေနိုင်ငံသားများက ဒိန်းမတ်ဘာသာစကားကို ဖတ်ရှုရေးသားခဲ့ကြသည်။ နော်ဝေလယ်သမားများက ဒိန်းမတ်ဘုရင်ထံ အခွန်ဆက်သခဲ့ကြသည်။

ပြည်ထောင်စုပြှိုကွဲခြင်း နှင့် ပြည်ထောင်စုသစ်

Eidsvoll 1814 - © Stortingsarkivet/ foto: Teigens fotoatelier as ၁၈၁၄ ခုနှစ်သည် နော်ဝေသမိုင်းကြောင်းတွင် အရေးပါသောနှစ်တနှစ်ဖြစ်သည်။ ထိုနှစ် မေလ ၁၇ ရက်နေ့တွင် နော်ဝေနိုင်ငံသည် ကိုယ်ပိုင်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရရှိခဲ့သည်။ ၁၉ ရာစုအစပိုင်းတွင် ဥရောပတဝှမ်း စစ်ပွဲအများအပြားဖြစ်ပွားခဲ့သည်။ ယင်းတို့အနက် အင်္ဂလန်က တဘက် ပြင်သစ်ကတဘက် အကြီးအကျယ် စစ်ဖြစ်ခဲ့ကြသည်။ ဒိန်းမတ်-နော်ဝေက ပြင်သစ်နိုင်ငံဘက်မှ ရပ်တည်ခဲ့ပြီး ပြင်သစ်ကစစ်ရှုံးချိန်တွင် ဒိန်းမတ်ဘုရင်သည် အင်္ဂလန်ဘက်မှရပ်တည်ခဲ့သည့် ဆွီဒင်နိုင်ငံလက်သို့ နော်ဝေနိုင်ငံကို လွှဲပြောင်းစွန့်လွှတ်ပေးခဲ့ရသည်။ ၁၈၁၄ ခုနှစ်တွင် ဒိန်းမတ်နှင့်နော်ဝေ ပြည်ထောင်ပေါင်းစည်းမှု ပြှိုကွဲခဲ့သည်။ နော်ဝေနိုင်ငံသားအချို့က ပြည်ထောင်စုပြှိုကွဲပြိးနောက် သီးခြားနိုင်ငံတခုဖြစ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ပြီး အချို့သြဇာအရှိန်အဝါ ရှိသူများသည် အာကယ့်ရှုစ် (Akershus) တိုင်းအတွင်းရှိ အိုက်ဒ်စ်ဗောလ် (Eidsvoll) မြှို့တွင် စုဝေးခဲ့ကြသည်။ သူတို့အနေနှင့် ကိစ္စတရပ်အဖြစ် သီးခြားလွတ်လပ်သော နော်ဝေနိုင်ငံအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲရန် ဆန္ဒရှိခဲ့ကြသည်။ မည်သို့ဆိုစေ နော်ဝေသည် ဆွီဒင်နှင့် အတင်းအကြပ်ပေါင်းစည်းရန် ဖန်လာခဲ့ပြီး ၁၈၁၄ ခု နိုဝင်ဘာလတွင် ဆွီဒင်နှင့်နော်ဝေကြားရှိ ပြည်ထောင်ပေါင်းစည်းမှုသည် အမှန်ပင်ဖြစ်ပေါ်ခဲ့သည်။ ဆွီဒင်နှင့်နော်ဝေကြားရှိ ပြည်ထောင်ပေါင်းစည်းမှုသည် ယခင် ဒိန်းမတ်နှင့်စာလျှင် လျော့ရဲရဲရှိခဲ့သည်။ နော်ဝေသည်ကိုယ်ပိုင်အခြေခံဥပဒေကို ပြင်ဆင်ချက်အချို့ဖြင့် ကျင့်သုံးခွင့်ရှိခဲ့ပြီး ပြည်တွင်းကိုယ်ပိုင်အုပ်ချုပ်ရေးရှိခဲ့သည်။ နိုင်ငံခြားရေးကို ဆွီဒင်က ထိန်းချုပ်ပြီး နှစ်နိုင်ငံစလုံးအတွက် ဘုရင်မှာ ဆွီဒင်လူမျိုးဖြစ်သည်။ Eidsvollsbygningen

ယဉ်ကျေးမှုတော်လှန်ရေး နှင့် နော်ဝေစရိုက်လက္ခဏာ

Brudeferd i Hardanger (Hans Gude & Adolph Tidemand, © Nasjonalmuseet for kunst, arkitektur og design) ၁၉ ရာစုအလယ်ပိုင်းလောက်က ဥရောပတိုက်တွင် ယဉ်ကျေးမှုတော်လှန်ရေး ဟုသတ်မှတ်ခေါ်ဝေါ်ကြသည့် အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ နိုးကြားမှုထွန်းကားလာခဲ့သည်။ ထိုအခါ အမျိုးသားရေးစရိုက် လက္ခဏာများကို အလေးထားဖော်ထုတ်ပြခဲ့ကြပြီး ပိုမိုဖွံ့ဖြှိုးရန်သာမက ပြောင်မြောက်စေရန်လည်း လုပ်ဆောင်ခဲ့ကြသည်။ နော်ဝေနိုင်ငံတွင် လှပသော သဘာဝလောကက ပေါ်လွင်ထင်ရှားပြီး လယ်သမားလူတန်းစားကို စံပြနော်ဝေလူမျိုးများ ဟု မှတ်ယူခဲ့ကြသည်။ ယဉ်ကျေးမှုတော်လှန်ရေးသည် စာပေ နှင့် ပန်းချီပန်းပုရော ဂီတအနုပညာဘက်တွင်ပါ ထွန်းကားလာခြင်းဖြစ်သည်။ ထိုခေတ်က နော်ဝေလူမျိုးတို့သည် တစထက်တစ ကိုယ့် အမျိုးသားရေးစရိုက်လက္ခဏာကိုယ် ပိုမိုသတိပြှုမိလာခဲ့ကြသည်။ လူထုအများစုသည် နော်ဝေလူမျိုးဖြစ်ရသည်ကို ဂုဏ်ယူလာခဲ့ကြပြီး နောက်ဆက်တွဲအဖြစ် နိုင်ငံတော်သည် အနှောင်အဖွဲ့ကင်းသင့်သည်ဟူသော ဆန္ဒများပိုမို ပြင်းထန်လာခဲ့သည်။ ရာစုနှစ်ပေါင်းများစွာ ဒိန်းမတ်နှင့် ပြည်ထောင်ပေါင်းစည်းနေခဲရသဖြင့် နော်ဝေနိုင်ငံတွင် ဒိန်းမတ်စာကို ရေးသားသုံးနှုန်းခဲ့ကြသည်။ ယနေ့ရေးသားသုံးနှုန်းနေကြသော နော်ဝေစာပေအက္ခရာမူဟောင်း (Bokmål) သည် ထိုစာပေအက္ခရာမှ ထပ်ဆင့်ထွန်းကားလာခြင်း ဖြစ်သည်။ အဆိုပါ ယဉ်ကျေးမှုတော်လှန်ရေးကာလတွင် အတော်များများက နော်ဝေလူမျိုးတို့သည် ဒိန်းမတ်စာနှင့် မဆက်မနွယ်သော ကိုယ်ပိုင်စာပေအက္ခရာ ရှိသင့်သည်ဟု ဆိုခဲ့ကြသည်။ ထိုကြောင့် စာပေသုတေသီ အီဗာအော့ဆယ်န် (Ivar Aasen, 1813-1896) သည် နော်ဝေနိုင်ငံအနှံ့လှည့်လည်ပြီး အမျိုးမျိုးသော ဒေသန္တရ ဘာသာစကားမူကွဲ ပုံစံများကို စုဆောင်းယူခဲ့သည်။ ထိုပုံစံများကိုသုံးပြီး နော်ဝေစာပေအက္ခရာမူသစ် (Nynorsk) ခေါ် စာနှင့်စကားကို ပြှုစုခဲ့သည်။ ၁၉ ရာစုမှစ၍ နော်ဝေစာပေအက္ခရာမူသစ်ရော မူဟောင်းပါ များစွာတိုးတက်ထွန်းကားလာခဲ့သော်လည်း နော်ဝေတွင် တရားဝင်ရုံးသုံးစကား နှစ်မျိုးရှိနေဆဲဖြစ်ပြီး ဆာမီ (samisk) နှင့် ကဗင့်စ်ခ် (kvensk) ဘာသာစကားများ ကိုလည်း ဖြည့်စွက်သုံးစွဲနေရသည်။

နော်ဝေ၏ စက်မှုတော်လှန်ရေး

Fabrikkarbeidere 1880, (Oslo Museum, fotograf: Per Adolf Thorén) ၁၉ ရာစုအလယ်ပိုင်းတွင် နော်ဝေနိုင်ငံလူဦးရေ၏ ၇ဝ% သည် ကျေးလက်တွင်နေထိုင်ခဲ့ကြသည်။ များသောအားဖြင့် စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းများသာ လုပ်ကိုင်ခဲ့ကြသည်။ လူများစုမှာ ကြပ်တည်းခက်ခဲခဲ့ကြသည်။ လူဦးရေက တိုးပွားလာနေပြီး စိုက်ပျိုးမြေ နှင့် အလုပ် မလုံမလောက်ဖြစ်နေခဲ့သည်။ တချိန်တည်းတွင် မြှို့များပေါ်တွင် အပြောင်းအလဲများဖြစ်လာခဲ့သည်။ စက်ရုံများ အလျှိုအလျှိုပေါ်ပေါက်လာခဲ့ပြီး အလုပ်ရရန်အတွက် ကျေးလက်မှလူအမြောက်အမြား မြှို့များဆီသို့ ရွှေ့ပြောင်းကြသည်။ အလုပ်သမားမိသားစုများစွာ အတွက် မြှို့နေဘဝသည် ခက်ခဲကြပ်တည်းခဲ့သည်။ အလုပ်ချိန်များရှည်ကြာပြီး နေမှုထိုင်မှုက ဆိုးရွားသည်။ မိသားစုများတွင် ကလေးများစွာရှိနေတတ်ပြီး အိမ်ခန်းကျဉ်းကျဉ်းလေးတခုထဲတွင် မိသာစုများစွာ စုပေါင်းနေထိုင်ရသည်မှာလည်း မရှားလှပေ။ မိသားစုရှင်သန်ရပ်တည်နိုင်ရေးအတွက် ကလေးပေါင်းများစွာလည်း စက်ရုံများတွင် အလုပ်လုပ်ခဲ့ကြရသည်။ နိုင်ငံရပ်ခြားတွင် အောင်မြင်ထွန်းကားနိုင်စေရန် ကြှိုးစားခဲ့ကြသူအများအပြားလည်းရှိခဲ့ရာ ၁၈၅ဝ မှ ၁၉၂ဝ ခုနှစ်အတွင်း အမေရိကနိုင်ငံသို့ နော်ဝေလူမျိုး ရှစ်သိန်း (၈ဝဝ ဝဝဝ) ခန့် ရွှေ့ပြောင်းသွားခဲ့ကြသည်။

လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းသောနိုင်ငံတခု

၁၉ဝ၅ ခုနှစ်တွင် ဆွီဒင်နှင့်ပြည်ထောင်ပေါင်းစည်းမှု ချုပ်ငြိမ်းခဲ့သည်။ နော်ဝေလွှတ်တော်နှင့် ဆွီဒင်ဘုရင်တို့အကြား နိုင်ငံရေးသဘောကွဲလွဲမှုများ ကြာရှည်စွာ ဖြစ်ပေါ်နေခဲ့ပြီး ၂ဝ ရာစုအစပိုင်းတွင် နော်ဝေသည် လွတ်လပ်ပြီး သီးခြားရပ်တည်နိုင်သော နိုင်ငံတနိုင်ငံဖြစ်သင့်သည်ဟု ပြောဆိုသူများ တစထက်တစ များပြားလာခဲ့သည်။ ၁၉ဝ၅ ခုနှစ် ဂျွန်လ ၇ ရက်နေ့တွင် နော်ဝေလွှတ်တော်က ဆွီဒင်ဘုရင်သည် နော်ဝေဘုရင်မဟုတ်တော့ကြောင်း အတိအလင်းကြေငြာခဲ့ရာ ထိုအချိန်မှစ၍ ဆွီဒင်နှင့် ပေါင်းစည်းမှုချုပ်ငြိမ်းသွားခဲ့သည်။ ဆွီဒင်ဘက်မှ အကြီးအကျယ် မကျေမချမ်းတုန့်ပြန်ခဲ့ကြပြီး နော်ဝေနှင့် ဆွီဒင်တို့ စစ်ဖြစ်လုနီးပါး ဖြစ်ခဲ့ကြသည်။ ထိုနှစ်မှာပင် နှစ်နိုင်ငံလုံးပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ကြပြီး နှစ်ဘက်ပြည်သူတို့က ဆွီဒင်နှင့် ပေါင်းစည်းမှုကိုဖျက်သိမ်းပြီး နိုင်ငံသစ်ဖြစ်လာသော နော်ဝေသည် ဘုရင်နိုင်ငံတခုဖြစ်သင့်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ဒိန်းမတ်မင်းသား ကားလ် (Carl) ကို နော်ဝေ၏ ဘုရင်အသစ်အဖြစ် ရွေးချယ်ခဲ့ကြသည်။ သူက နော်ဝေဘုရင် ဟော့ကူးန်၏အမည်ကိုဆက်ခံခဲ့သည်။ သတ္တမမြောက် ဟော့ကူးန် ဘုရင်ကြီးသည် နော်ဝေတွင် ၁၉ဝ၅ မှ သူကွယ်လွန်သည့် ၁၉၅၇ ခုနှစ်အထိ ဘုရင်ဖြစ်ခဲ့သည်။

၂ဝ ရာစု၏ ပထမရာစုတဝက်

Vannkraftverk ၁၉ ရာစုကုန်ခါနီးတွင် နော်ဝေသည် ရေအားသုံး၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို စတင်ခဲ့သည်။ အကျိုးဆက်အဖြစ် စက်မှုလုပ်ငန်းကုမ္ပဏီပေါင်းများစွာ တည်ထောင်ခဲ့ကြသည်။ လုပ်အားလိုအပ်မှုလည်း များပြားလာခဲ့ပြီး မြှို့များလည်း ကြီးမားကျယ်ပြန့်လာခဲ့သည်။ သီးခြားဥပဒေတရပ်က ရေအားသုံးစက်ရုံများကို ပုဂ္ဂလိကအနေနှင့် တည်ထောင်လည်ပတ်ရန် ပြဋ္ဌာန်းပေးထားသော်လည်း ရေအားစွမ်းအင်အရင်းအမြစ်ကိုမူ နိုင်ငံပိုင်အဖြစ်သာ ထားရှိမြဲရှိနေခဲ့သည်။ ၁၉၁၄ မှ ၁၉၁၈ ခုနှစ်အတွင်း ဥရောပတွင် ပထမကမ္ဘာစစ် ဖြစ်ပွားခဲ့သည်။ ထိုစစ်တွင် နော်ဝေက အားတက်သရောမပါဝင်ခဲ့သော်လည်း အများနည်းတူ စီးပွားရေးဂယက်ရိုက်မှုကိုမူ သိသိသာသာ ခံစားခဲ့ရသည်။ ၁၉၃ဝ ပြည့်လွန်နှစ်များအတွင်းက ဥရောပနှင့် မြောက်အမေရိကတိုက်တို့တွင် စီးပွားရေးကပ်ဆိုက်ခဲ့သည်။ လူအများ အလုပ်ပြှုတ်ခဲ့ကြပြီး အိုးအိမ်များလည်း ဆုံးရှုံးခဲ့ကြသည်။ နော်ဝေတွင် အခြားနေရာများကဲ့သို့ မဆိုးရွားခဲ့သော်လည်း ‘‘အကြပ်ဆိုက်သော ၃ဝ ပြည့်လွန်ခုနှစ်များ’’ ဟူ၍မူ ပြောလေ့ရှိကြသည်။

ဒုတိယ ကမ္ဘာစစ် (၁၉၃၉/၁၉၄ဝ-၁၉၄၅)

Stortinget med tysk banner 1940-45, (Oslo Museum, ukjent fotograf) ဂျာမနီက ပိုလန်ကိုကျူးကျော်ခဲ့သည့် ၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ် စတင်ခဲ့သည်း နော်ဝေသည် ၁၉၄ဝ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ဂျာမန်တပ်များက နယ်ချဲ့သိမ်းပိုက်သည်ကို ခံခဲ့ရသည်။ နော်ဝေနိုင်ငံအညံ့မခံမီ နော်ဝေတွင်ဖြစ်ခဲ့သော တိုက်ပွဲ များမှာ ရက်ပိုင်းမျှသာ ကြာရှည်ခဲ့သည်။ ဘုရင်ကြီးနှင့် အစိုးရအဖွဲ့တို့ အင်္ဂလန်သို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြပြီး နော်ဝေနိုင်ငံလွတ်မြောက်ရန် ထိုနေရာမှပင် ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။ ထိုအချိန်မှစ၍ ဗိဒ်ကူန် ကွိစ်လင်း (Vidkun Quisling) အမှူးပြှုသော ဒီမိုကရေစီနည်းမကျဘဲ ရွေးကောက်တင်မြှောက်ခဲ့သည့် ဂျာမန်လိုလားသော အစိုးရက အုပ်ချုပ်ခဲ့သည်။ နော်ဝေမြေပေါ်တွင် ရင်ဆိုင်တိုက်ပွဲ များများစားစား မဖြစ်ခဲ့သော်လည်း တော်လှန်ရေးအုပ်စုပေါင်းများစွာသည် နှောက်ယှက်ဟန့်တားမှုနှင့် တရားမဝင် သတင်းစာရိုက်နှိပ်ဖြန့်ချိမှုများ လုပ်ခဲ့ကြပြီး လူထု၏အာဏာဖီဆန်ရေး နှင့် အာဏာပိုင်များကို အနုနည်းဖြင့်ဆန့်ကျင်ရေးများကို စည်းရုံးးအကောင်အထည်ဖော်ခဲ့သည်။ တော်လှန်ရေးအုပ်စုဝင် အများအပြား နိုင်ငံမှထွက်ပြေးခဲ့ကြရသည်။ ဒုတိယကမ္ဘာစစ်အတွင်း နော်ဝေလူမျိုး ငါးသောင်း(၅ဝဝဝဝ)ခန့် ဆွီဒင်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဂျာမန်များ စစ်မျက်နှာပေါင်းများစွာတွင် တစထက်တစ အရေးနိမ့်လာခဲ့သဖြင့် ၁၉၄၅ ခု မေလထဲတွင် လက်နက်ချခဲ့ရသည်။ စစ်ပွဲကြောင့် နော်ဝေလူမျိုး ၉၅ဝဝ ခန့် သေဆုံးခဲ့သည်။

မျက်မှောက်ခေတ် နော်ဝေနိုင်ငံ

En oljeplattform စစ်ပွဲပြီးနောက်ပိုင်းတွင် နော်ဝေနိုင်ငံကို ပြန်လည်ထူထောင်ခဲ့ရသည်။ ကုန်စည်ရှားပါးမှုက ဆိုးရွားပြီး လူများအတွက် နေထိုင်စရာ တိုက်တာအိုးအိမ် မလောက်ငှခဲ့ပေ။ ပြန်လည်ထူထောင်ရေးကို အမြန်ဆုံးလုပ်ရမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်မှုနှင့် သွေးစည်းညီညွတ်မှု မရှိမဖြစ် ရှိခဲ့ကြရသည်။ နိုင်ငံတော်က ဘဏ္ဍာရေးနှင့် စားသုံးမှုကို တင်းတင်းကြပ်ကြပ် ပြဋ္ဌာန်းခဲ့သည်။ စစ်ကြီးပြိးလျှင်ပြီးချင်း ကုလသမဂ္ဂ (The United Nations) ကိုထူထောင်ခဲ့ကြသည်။ ကုလသမဂ္ဂ၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေးနှင့်တရားမျှတမှုကို ဖော်ဆောင်ရန်ဖြစ်သည်။ နော်ဝေသည် ၁၉၄၅ ခုနှစ် နိုဝင်ဘာလတွင် ဤအဖွဲ့ကြီးသို့ အစဦးဆုံးဝင်ရောက်ခဲ့သော နိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။ စစ်ပြီးကာလက အမေရိကန်ပြည်ထောင်စုသည် ဥရောပနိုင်ငံများကို စီးပွားရေးအကူအညီများ ကမ်းလှမ်းခဲ့သည်။ ထိုစီးပွားရေးအကူအညီကို မာရှယ် စီမံကိန်းဟု အသိများခဲ့ကြပြီး လက်ခံရယူသည့်နိုင်ငံများအနေနှင့် နိုင်ငံရေးနှင့် စီးပွားရေး တောင်းဆိုသတ်မှတ်ချက်များ ပါဝင်သည်။ နော်ဝေက ခရိုနာ သန်းပေါင်း သုံးထောင်ခန့် အထောက်အပံ့ရယူခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် နော်ဝေနှင့် အခြား ၁၁ နိုင်ငံတို့သည် အတ္တလန္တိတ်သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြသည်။ ထိုကိစ္စက မြောက်အတ္တလန္တိတ်ကာကွယ်ရေးအဖွဲ့အစည်း (NATO) ဖွဲ့စည်းထူထောင်ဖြစ်ရန် အကြောင်းဖန်ခဲ့သည်။ အနောက်ဥရောပနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ရင်းနှီးကျွမ်းဝင်မှုသည် ယနေ့တိုင်တည်မြဲနေဆဲဖြစ်သည်။ ၁၉၅ဝ ကျော်နှင့် ၁၉၆ဝ ကျော်နှစ်များအတွင်း နော်ဝေ၏စီးပွားရေးမှာ အထိုက်အလျောက် ကောင်းမွန်ခဲ့ပြီး နိုင်ငံတော်က နိုင်ငံသားများ၏ဘဝ တိုးတက်ကောင်းမွန်ရေးအတွက် ပြှုပြင်ပြောင်းလဲမှု အမြောက်အမြား ထည့်သွင်းလုပ်ဆောင်ခဲ့သည်။ ၆ဝ လွန်နှစ်များအတွင်းက ကုမ္ပဏီအများအပြားသည် နော်ဝေကမ်းလွန်ဒေသတွင် ရေနံနှင့်ဓာတ်ငွေ့ရှာဖွေတူးဖော်ရန် ဆန္ဒရှိခဲ့ကြသည်။ လွန်ခဲ့သောနှစ်ပေါင်း ၅ဝ က ရေအားစွမ်းအင်အရင်းအမြစ်ကို နိုင်ငံတော်ပိုင်အဖြစ် ထားခဲ့သသည့်နည်းတူ ရေနံအရင်းအမြစ်ကို နိုင်ငံတော်ပိုင်အဖြစ် ထားရှိခဲ့သော်လည်း ပုဂ္ဂလိကကုမ္ပဏီများအနေနှင့် သတ်မှတ်ထားသောနယ်မြေနှင့် အချိန်ကာလအတွင်း ရေနံရှာဖွေ တူးဖော် ထုတ်လုပ်ခွင့်ကို ဝယ်ခွင့်ရခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ပထမဆုံးရေနံတွေ့ရှိမှုကို မြောက်ဘက်ပင်လယ်တွင် စတင်တွေ့ရှိခဲ့သည်မှစ၍ နော်ဝေသည် ရေနံထုတ်လုပ်သောနိုင်ငံဖြစ် ထွန်းကားလာခဲ့သည်။ ယခုအခါ နော်ဝေသည် ကမ္ဘာပေါ်တွင် ရေနံအများဆုံးတင်ပို့သောနိုင်ငံများအနက် တနိုင်ငံအဖြစ် ပါဝင်နေပြီး ရေနံလုပ်ငန်းသည် နော်ဝေနိုင်ငံစီးပွားရေးတွင် များစွာအရေးပါလှသည်။ အလားတူပင် အားကောင်းလှသော ပြည်သူ့လှုပ်ရှားမှုကြီးများက မျက်မှောက်ခေတ် နော်ဝေ၏ ခေတ်မီတိုးတက်မှုအတွက် အရေးပါအရာရောက်ခဲ့သည်။ အထူးသဖြင့် အလုပ်သမားအရေး နှင့် အမျိုးသမီးအရေးလှုပ်ရှားမှုများသည် အချက်အချာကျလျက်ရှိခဲ့သည်။ နော်ဝေ အလုပ်သမားအရေး လှုပ်ရှားမှုသည် ၁၇ ရာစုနှစ်များအတွင်းကစတင် အခြေတည်ခဲ့သော်လည်း ၁၈၈ဝ လွန်နှစ်များအတွင်းက စက်မှုလုပ်ငန်းခွင်များပေါ်ပေါက်ချိန်တွင် ပိုမိုစုစည်းမိလာခဲ့ကြသည်။ ၁၉၂ဝ လွန်နှစ်များမှစ၍ လှုပ်ရျားမှု၏ အရှိန်အဝါ ပိုမိုကြီးမားလာခဲ့သည်။ အလုပ်သမားလှုပ်ရှားမှုက အလုပ်သမားများအတွက် ပိုကောင်းမည့် အလုပ်ခွင်ပြဋ္ဌာန်းချက်များရလာစေရန် တိုက်ပွဲဝင်ခဲ့ရာတွင် ပါဝင်သည့်အချက်တချို့မှာ အလုပ်ချိန်လျှော့ချရေး၊ လုပ်ငန်းခွင်အန္တရာယ် ပိုမိုကင်းရေး၊ နာမကျန်းချိန်အာမခံချက် နှင့် အလုပ်လက်မဲ့ကာလအတွက် ထောက်ပံ့ကြေးစသည်တို့ ရရှိရန်ဖြစ်သည်။ အမျိုးသမီးရေးရာလှုပ်ရှားမှုက လူမှုအသိုင်းအဝိုင်းအတွင်း အမျိုးသမီးများအခွင့်အရေး၊ ကျား-မ မခွဲခြားရေး နှင့် ကျား-မ တန်းတူအခွင့်အရေးရရှိရေးတို့ဖြစ်သည်။ အိမ်ထောင်ကွာရှင်းခွင့်၊ ပဋိသန္ဓေတားပိုင်ခွင့်၊ လွတ်လပ်စွာကိုယ်ဝန်ဖျက်ချခွင့် နှင့် မိမိခန္ဓာကိုယ်ကို မိမိသဘောကျ စီမံဆုံးဖြတ်ပိုင်ခွင့်တို့မှာ အမျိုးသမီးရေးရာလှုပ်ရှားမှု၏ အဓိက ကိစ္စရပ်များဖြစ်နေခဲ့သည်။ ယခုအခါ ပညာရေးနှင့်အလုပ်အကိုင်၊ အိုးအိမ်ပိုင်ဆိုင်မှုနှင့် အမွေခံယူမှု၊ ဆေးကုသမှုနှင့် ကျန်းမာရေး စသည်တို့တွင် ယောက်ျားနှင့်မိန်းမ တန်းတူအခွင့်အရေး ရှိနေပြီဖြစ်သည်။

 

အချက်အလက်

ယခုခေတ် နော်ဝေနိုင်ငံ

ယခုခေတ်တွင် နော်ဝေနိုင်ငံသည် အဆင့်မြင့် လူမှုဖူလုံရေးပေးနေသော ခေတ်မီ ဒီမိုကရေစီနိုင်ငံတခု ဖြစ်နေသည်။ နော်ဝေရှိလူအများစုမှာ စီးပွားရေးချောင်လည်ပြီး အများနှင့်ယှဉ်လျှင် ပြည်သူများသည့် ပညာအဆင့်အတန်း ပိုမြင့်သည်။ အလုပ်ခွင်သို့ မိန်းမများရော ယောက်ျားများပါ ဝင်ကြသည်။ နိုင်ငံသားများကို ပညာရေး ကျန်းမာရေးဝန်ဆောင်မှု နှင့် လိုအပ်ချက်အရ ငွေကြေးကူညီမှုများပေးရန် အာမခံသည့် ဥပဒေများနှင့် ကတိစာချုပ်အများအပြားဖြင့် လူထုကို ကြီးကြပ်ကွပ်ကဲထားသည်။

လွန်ခဲ့သော ဆယ်စုနှစ်များက စက်မှုနည်းပညာနှင့် ကွန်ပျူတာပညာ နယ်ပယ်များတွင် တဟုတ်ထိုးတိုးတက်လာခဲ့သည်။ ဤသည်က နော်ဝေလူ့အဖွဲ့အစည်းအတွက် များစွာအကျိုးသက်ရောက်မှုရှိခဲ့သည်။ အလုပ်နေရာ အများအပြားပေါ်ပေါက်လာကာ လုပ်ငန်းဆောင်တာများ ပြောင်းလဲသွားပြီး လူအများစု၏ ပုဂ္ဂလိကလူနေမှုဘဝလည်း ပြောင်းလဲလာခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း နော်ဝေသည် ယဉ်ကျေးမှုပေါင်းစုံပြီး လူမျိုးပေါင်းစုံပါဝင်သော လူ့ဘောင်တခုဖြစ်လာသည်။

 

ပုစ္ဆာများကို ဖြေဆိုပါ။