အဖွဲ့အစည်းများနှင့် ပါဝင်ဆုံးဖြတ်ပိုင်ခွင့်

အဖွဲ့အစည်းများနှင့် ပါဝင်ဆုံးဖြတ်ပိုင်ခွင့်

တတ်နိုင်သမျှ အားလုံးအလုပ်လုပ်စေရန်မှာ ရည်မှန်းချက် တခုဖြစ်သည်။ နော်ဝေတွင် အများနှင့်ယှဉ်ပါက အလုပ်လက်မဲ့နှုန်း နိမ့်ပါသည်။ အလုပ်လက်မဲ့နှုန်းကို ဗဟိုစာရင်းအင်းဌာန၏ အင်တာနက်စာမျက်နှာ www.ssb.no/arbeid-og-lonn?de=Arbeidsledighet တွင် လေ့လာဖတ်ရှုနိုင်ပါသည်။

နော်ဝေနိုင်ငံတော်အစိုးရသည် နှစ်စဉ် အလုပ်နေရာသစ်များဖန်တီးရန် (သို့) တည်မြဲနေစေရန် စီမံမှုများအတွက် များစွာအားထုတ်လျက်ရှိသည်။ ထိုစီမံမှုများအနက် ဥပမာ အချိူ့မှာ –

  • အခိုက်အတန့် ကြပ်တည်းနေသော လုပ်ငန်းများကို လုပ်ငန်းဖျက်သိမ်းမှု (သို့) လုပ်အားလျှော့ချမှု မဖြစ်စေရန် နိုင်ငံတော်က ငွေကြေးထောက်ပံ့ပေးသည်။
  • အာဏာပိုင်များက လုပ်ခလစာ ညှိနှိုင်းပေးခြင်းနှင့် ငွေတိုးနှုန်းသတ်မှတ်ပေးခြင်းအားဖြင့် ပြည်သူတို့၏ ဝင်ငွေအပေါ် သြဇာသက်ရောက်စေနိုင်သည်။
  • လုပ်ငန်းများ၏ ဝန်ဆောင်ခနှင့် အခွန်ကို နိုင်ငံတော်က လျှော့ချပေးနိုင်သည်။
  • အစိုးရပိုင်လုပ်ငန်းများတွင် ဝန်ထမ်းခန့်ခြင်းကို ခြယ်လှယ်ခွင့်ရှိသည်။ ယခုအခါ ထိုကဏ္ဍတွင် လူဦးရေ ၇၅ဝ ဝဝဝ ခန့် အလုပ်လုပ်လျက်ရှိသည်။
  • အလုပ်ချိန်လျှော့ချရန် (သို့) ပင်စင်ယူရမည့်အသက် နှိမ့်ချရန်လည်း လုပ်ပေးနိုင်သည်။

အလုပ်သမားနှင့် လူမှုဖူလုံရေးဦးစီးဌာန (လုပ်သား/ဦးစီး (NAV))

အစိုးရအနေနှင့် လုပ်သား/ဦးစီး (NAV) မှတဆင့် အလုပ်ခွင်ဆိုင်ရာသင်တန်းအမျိုးမျိုးအတွက် အမြောက်အမြား ငွေကုန်ကြေးကျခံလျက်ရှိသည်။ ထိုသင်တန်းများက သင်တန်းသားများ အလုပ်ခွင်ထဲ ရောက်လာစေရန် အရည်အချင်းမြှင့်တင်ပေးရန် ဖြစ်သည်။ ထို့အပြင် ထိုသင်တန်းမျိုးကို တက်နေသူများအား အလုပ်လက်မဲ့နေ့တွက်စရိတ် သို့မဟုတ် ပုဂ္ဂလိကထောက်ပံ့ကြေးလည်း ပေးသည်။ လုပ်သား/ဦးစီးက ဖြည့်စွက်လစာကိုလည်း ပေးသည်။ အဓိပ္ပါယ်မှာ အလုပ်ရှင်က အလုပ်ရှာသူတယောက်ကို အမြဲတမ်း (သို့) ယာယီ ဝန်ထမ်းခန့်ထားပေးပါက ကာလတခုအတွက် ကုန်ကျမည့်လစာနှင့် ဝန်ဆောင်ကြေးများကို မျှဝေကျခံပေးခြင်းဖြစ်သည်။

လုပ်သား/ဦးစီးက လုပ်ငန်းရှင်အများအပြားနှင့် ပူးပေါင်းကာ လုပ်ငန်းခွင်သို့ လက်တွဲခေါ်ယူရေး ကတိစာချုပ်အရ ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။ ထိုကတိစာချုပ်၏ မျှော်မှန်းချက်များအနက်အချို့မှာ –

  • အစိုးရနှင့်လုပ်ငန်းရှင်တို့က ရေရှည် နာမကျန်းခွင့်ဖြင့်နေရသူများကို အလုပ်ခွင်သို့ လွယ်ကူစွာပြန်ဝင်နိုင်စေရေး စီစဉ်ပေးရန်
  • မသန်စွမ်းသူကို လုပ်ငန်းခွင်ဝင်နိုင်စေရန် လိုအပ်သလိုပြင်ဆင်ပြောင်းလဲပေးရန်
  • အိုမင်းသော အလုပ်သမားများကို အလုပ်ခွင်တွင် ဆက်လက်လုပ်ကိုင်နိုင်စေရန်

နော်ဝေသို့ အသစ်ရောက်ရှိလာသော ဒုက္ခသည်များသည် ၎င်းတို့နေထိုင်ရာ မြို့နယ်တွင် ပဏာမ နေသားကျရေးစီမံချက်တွင်ပါဝင်ရန် ကမ်းလှမ်းပေးထားသည်။ ထိုစီမံချက်တွင် ပါဝင်လာသူများသည် နော်ဝေဘာသာစကားနှင့် လူမှုရေးဘာသာရပ်ကို အခမဲ့သင်ခွင့်ရသည်။ သင်တန်းကာလအတွင်း အတော်များများသည် လုပ်ငန်းဌာနအမျိုးမျိုးရှိ လက်တွေ့စကားပြောလေ့ကျင့်ရေး နှင့် လက်တွေ့အလုပ်ခွင်လေ့ကျင့်ရေး နေရာများသို့ ရောက်ရှိကြသည်။ ပဏာမ နေသားကျရေးစီမံချက်၏ ရည်ရွယ်ချက်မှာ သင်တန်းသားအနေနှင့် အလုပ်ခွင်ဝင်ရန် သို့မဟုတ် ပညာဆက်လက်သင်ယူရန် မိမိကိုယ်ကို အရည်အချင်း မြှင့်တင်ပေးနိုင်စေရန်ဖြစ်သည်။ သင်တန်းမှာ သာမန်အားဖြင့် အချိန်ပြည့် ၂ နှစ် သင်တန်းဖြစ်ပြီး သင်တန်းတက်သူသည် သင်တန်းတက်ခလစာ ရရှိသည်။

လူမှုရေးထောက်ပံ့ကြေးကို အားပြုနေထိုင်ရသူ ရေရှည်အလုပ်လက်မဲ့များအတွက် လုပ်သား/ဦးစီး မှတဆင့် အရည်အချင်းမြှင့်သင်တန်းသို့ တက်နိုင်ရန် အခွင့်အလမ်း ဖွင့်ပေးထားသည်။ သင်တန်းက သင်တန်းသားများ အလုပ်ရလွယ်အောင် တဦးချင်းအတွက် သီးခြားစီမံပေးထားသော သင်ကြားမှုနှင့် လုပ်ငန်းလေ့ကျင့်မှု တို့ကို ပေးလိမ့်မည်။ အရည်အချင်းမြှင့်သင်တန်းသည် သာမန်အားဖြင့် အချိန်ပြည့် တနှစ်သင်တန်းဖြစ်ပြီး သင်တန်းသားအနေနှင့် သင်တန်းတက်ခလစာ ရရှိသည်။

လုပ်ငန်းကုမ္ပဏီများအနေနှင့် မိမိ၏ဝန်ထမ်းတွင် လိုအပ်နေသော စာဖတ်ခြင့် စာရေးခြင်း သင်္ချာ စကားပြော ကွန်ပျူတာကျွမ်းကျင်မှု နှင့် နော်ဝေ(သို့)ဆာမီဘာသာစကား တို့ကို သင်တန်းပေးနိုင်စေရန် ငွေကြေးအထောက်အပံ့ ရမည်ဖြစ်သည်။ ဤနည်းဖြင့် ဝန်ထမ်းသည် ရရှိထားသောအလုပ်တွင် တည်မြဲစေရန်မျှမက အခြားအလုပ်များ ရှာနိုင်အောင်လည်း အရည်အချင်း မြင့်မားလာမည်။